Thursday, 8 September 2011

အမတ်ကြီးဦးပေါ်ဦး၏ ဖြတ်ထိုးဥာဏ်

                                                    
အပျိုချောရဲ့ခြေသလုံး
ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။

…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။

…ဖန်နန်း၇ှင်မင်းတရားကြီးကတော့ စေတီတော်ကို ရွှေ့ချင်တယ်။ ရွှေ့မှသာ လမ်းကြီးကျယ်ဝန်း ဖြောင့်တန်းသွားမှာကိုး။ သို့သော်လည်း သူတစ်ဦးတည်း သဘောနဲ့ လုပ်ရာလည်း အရောက်မခံချင်ဘူး။ ကြံဖော်ကြံဖက် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေစေချင်တယ်။

…ဒီအတွက် ညီလာခံသဘင်မှာ ဗိုလ်ပုံစုံလင်တဲ့ အခိုက်မေးတော်မူတယ်။

…“ ကိုယ့်တော်မှာ ဆရာတော် သမားတော်များရဲ့ စကားကို ပယ်လှန်ရန်အခက်၊ စေတီတော် လမ်းနဲ့မလွတ်တာ မရွှေ့ဘဲ ထားရအခက် ဖြစ်နေတယ်မင်းကြီး၊ မင်းကြီးသဘောတင်ပါဘိ…”

…အမတ်ကြီး ဦးပေါ်ဦး သိတယ်လေ။ ငါ့အရှင် မင်းတရားကြီးဟာ မရွှေ့ကောင်းဘူး သံဃာတော်တွေ မိန့်သွားပါလျက်နဲ့ မေးနေတာဟာ သူ့ဘက်က အဖော်လိုနေလို့သာ ဖြစ်ရမယ်ဆိုတာ သိတယ်လေ၊ သိတဲ့အတွက် မင်းလိုလိုက်ပြီး မင်းကြိုက် တင်တယ်။

…“ မှန်လှပါ ဘုန်းတော်ကြောင့် ဘုရင်မင်းတရားကြီးဟာ ဘုရားကို ရွှေ့ပြောင်းချင်တဲ့ ဆန္ဒတော်ပြင်းပြနေခြင်းမှာ ကောင်းမြတ်သော စိတ်နဲ့ရွှေ့လိုခြင်းသာ ဖြစ်ပါသောကြောင့် စိတ်ထားမြတ်လျှင် ကုသိုလ်လို့ နှလုံးတော်ပိုက်ပြီး ရွှေ့သာ ရွှေ့တော်မူပါဘုရား…”

…အမတ်တွေ အံ့အားသင့်သွားသော်လည်း ဖန်နန်း၇ှင်မင်းတရားကြီး ကြည်သာရွှင်ပြုံး ဖြစ်သွားတော်မူတယ်။ အဲ…ပြုံးပြုံးရယ်ရယ် ဖြစ်သွားပေမယ့် မင်းလိုလိုက်ပြီး မင်းရဲ့အကြိုက်ကိုလိုက်ပြီး တင်တာဖြစ်နိုင်ကြောင်းလည်း သတိမလစ်ဘူး။ ဒါကြောင့်ဦးပေါ်ဦးကိုပဲ မေးတော်မူတယ်။


…“ ကောင်းပြီ၊ မင်းကြီး အခုမင်းကြီးတင်တဲ့အတိုင်း ကောင်းမြတ်တဲ့စေတနာနဲ့ ဘုရားကို ရွှေ့မယ်၊ ရွှေ့တဲ့နေရာမှာ မင်းကြီးကိုပဲ ဘုရားဖျက်ပြီး ရွှေ့ဖို့စေခိုင်းရင် မင်းကြီးက ဘုရားဖျက်သူ၊ ကိုယ်တော်ရှင်မြတ်က အဖျက်ခိုင်းသူ၊ ဒီသူ နှစ်ဦးအပါယ်လားရင် ဘယ်သူခံမည်နည်း မင်းကြီး…”
…ရယ်ရယ်မောမောနဲ့ အမေးတော်ရှိတာ ဖြစ်လေတယ်။ ဒါကြောင့် ဦးပေါ်ဦးက တင်လျှောက်တယ်။
…“ မှန်လှပါ၊ ဘုန်းတော်ကြောင့် ဘ၀ရှင်မင်းတရားကြီး မေးတော်မူတဲ့ အမေးကို ရှေးရှေးတုန်းက သားအဖနှစ်ယောက် ပုံပြင်စကားနဲ့ ဥပမာထားပြီး သံတော်ဦးတင်ပါရစေဘုရား…”
… “ သားအဖနှစ်ယောက် ပုံပြင်ကို ရွှေနားဆင်တော်မူမည် မင်းကြီး…”
…“ ရွှေနားဆင်တော်မူပါဘုရား…”
…“ ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ
သားအဖနှစ်ယောက်ရှိကြပါသတဲ့ ဘုရား၊ ဖအေက တည်တည်တန့်တန့်  က္ကနြေ္ဒ သိက္ခာနဲ့နေတတ်ပေမယ့် သားကတော့ ဘလွတ်ရွတ်တ ပြောပြီး နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမော နေတတ်တဲ့ ၀ါသနာရှိသတဲ့ဘုရား…”
…တစ်နေ့ကျတော့ သားအဖနှစ်ယောက် ခရီးတစ်ခုကို အတူသွားဖြစ်ကြပါတယ်ဘုရား။ သူတို့ရှေ့မှာလည်း အပျိုချောကလေးတစ်ယောက်ကို လှုပ်လီလှုပ်လဲ့နဲ့သွားနေတာ မြင်တဲ့အခါ သားဖြစ်သူရဲ့ရင်ထဲက ယားကျိကျိဖြစ်လာင်္ပြိး…

“ အဖေ…အဖေ…ရှေ့ကသွားနေတဲ့အပျိုကို သရော်ရရင် အတော်ရယ်စရာကောင်းမှာဘဲ အဖေ…” လို့
သားဖြစ်သူက အဖေကို ပြောပါတယ်ဘုရား။ ဖအေက သူ့ထုံးစံ သူ့ဝသီအတိုင်း…

“ ဟဲ့…သား…သူတစ်ပါးကို မသရော်ချင်နဲ့ကွယ်၊ မတော်တဆ ပြန်ပြီး ဆဲလို့ရှိရင် အရှက်ကွဲတတ်တယ်ကွဲ့…”  ရယ်လို့ပြောပြီး တားမြစ်တဲ့အခါ…

“ စိုးရိမ်မနေစမ်းပါနဲ့ အဖေရာ၊ ဒီအပျိုကို ဘာပြုလို့ နိုင်အောင် မပြောနိုင်ရမှာတုန်း…”

ဆိုပြီးတော့ ရှေ့ကသွားနေတဲ့ မိန်းကလေးကြားအောင် မကြားတကြား လေသံနဲ့ ပြောပါသတဲ့ဘုရား။

“ ဘယ်လိုများ ပြောလိုက်ပါလိမ့်မင်းကြီး၊ ဆက်ပြီး တင်စမ်းပါအုံး…”

…မင်းတရားကြီးလည်း သိချင်ဇော များနေပြီလေ။

“ မှန်ပါ၊ သားဖြစ်သူ လှမ်းပြီး မကြားတကြား ပြောလိုက်ပုံကတော့ …”

“ အဖေ….အဖေ ရှေ့ကသွားနေတဲ့ မိန်းကလေးကို ကြည့်စမ်းပါအုံးဗျာ၊  မိန်းကလေး လှချင်ပါလျက်နဲ့ ခြေသလုံးကြီးက တုပ်ပွပွနဲ့ဗျာ၊ အကြည့်ရဆိုးလိုက်တာ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား၊ မိန်းကလေးက ဆတ်ဆတ်ကျဲနဲ့ သွားတိုးတာကိုးဘုရား၊ မိန်းကလေးက ချာကနဲ လှည့်ကြည့်ပြီး…

“ ကျုပ်ခြေသလုံးတုပ်တာ မောင့်အပူလား၊ မောင့်ပခုံးနဲ့ ထမ်းထားလို့ မောင်က ပြောနေတာလား…”

ပြန်ရန်တွေ့တဲ့အခါမှာ လူရွှတ်လူနောက် ကောက်ကာငင်ကာ ပြောလိုက်ပုံကတော့…

“  အို…အမိငယ်၊ အမိရဲ့ ခြေသလုံး တုပ်တုပ်ပွပွကို ငါကတော့ မထမ်းဘူးဟေ့၊ ထမ်းချင်းထမ်းရင် ငါ့အဖေ ထမ်းလိမ့်မဟ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား။ ဖအေလည်း မျက်ထောင့်ကြီးနီလာပြီး ဒေါသတကြီးနဲ့…

“ အံမာ…နှုတ်သရမ်းတာကမင်း၊ ခြေသလုံး ထမ်းဖို့ကျတော့ ငါ၊ အတော်မတရားတဲ့ကောင်…” လို့ သားကို မာန်ပါသတဲ့ဘုရား၊ ဒီအခါမှာ သားကလည်း အလျှော့မပေးသေးဘဲ…

“ အဲဒါကြောင့် အစကတည်းက အဖေ့ကို တိုင်ပင်သားပဲ၊ မထူးပါဘူး အဖေရာ၊ ဒီအခြေဆိုက်မှတော့ ခြေသလုံး တုပ်ပွပွကို ကြိုးစားပြီးသာ ထမ်းလိုက်ပေတော့…” လို့ ပြောလိုက်ကြောင်း ရှိခိုး သံတော်ဦးတင်ရကြောင်းပါဘုရား…

…အဲဒီလို အမတ်ကြီး ဦးပေါ်ဦးရဲ့  ပုံပြင်အဆုံးမှာ ဖန်နန်းရှင်မင်းတရားကြီး ရယ်ရယ်မောမောနဲ့…

“ တော်တော့…တန်တော့၊ မင်းကြီးရဲ့ စကား အပါယ်လားရင် ကြိုးစားပြီး ကိုယ်တော်ခံ ဆိုတဲ့ အဓိပ္ပာယ် ရောက်နေပြီ၊ စေတီတော်လည်း မရွှေ့ပါနဲ့တော့၊ ခြေသလုံး တုပ်ပွပွ ထမ်းတဲ့ အဖေလည်း မဖြစ်ပါရစေနဲ့…” ရယ်လို့ မိန့်တော်မူတဲ့ အတွက် မှူးတော် မတ်တော်များ ရွှင်ကြည်မစဲ တသဲသဲ ရယ်မောကြတော့တာကိုး……။
                                                                     သူငယ်ချင်းများအားလုံး ကြည်နူးချမ်းမြေ့ကြပါစေ။

1 :ဦးမှတ်ချက်ပြုသည်။:

Unknown said...

အခုလိုစိတ်ဖြေစရာလေးတွေတင်ပေးတာ
ကျေးဇူးတင်ပါတယ်....နောင်လည်းများ
များတင်ပေးပါအုန်း

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management