Showing posts with label ဗုဒ္ဒတရားတော်များ. Show all posts
Showing posts with label ဗုဒ္ဒတရားတော်များ. Show all posts

Thursday, 8 September 2011

ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့

မေး။   ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။

ဖြေ။   ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်း သင့်ဘူး
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး
၎။ အခြွေရံများတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ချမ်းသာတဲ့သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဥာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ဥာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။

ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရားရှင်က ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ စူဠာကမ္မ၀ိဘင်္ဂသုတ်မှာ အခုလို ဟောထားတယ်။

(၁) သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ဘဲ ရှောင်ကြဉ်သူများမှာ အသက်ရှိပါသည်။
(၂) သူတစ်ပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများအနာရောဂါ ကင်းပါသည်။
(၃) ဒေါသကြီးသူများ အရုပ်ဆိုးပြီး ၊မေတ္တာထားသူများ ရုပ်လှပါသည်။
(၄) ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံ များပါသည်။
(၅) မပေးလှူသူများ ဆင်းရဲပြီး ၊ ပေးလှူသူများချမ်းသာပါသည်။
(၆) အသက်သိက္ခာဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။
(၇) မသိတာကို မေးမြန်းသူများ ညဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ညဏ်ထိုင်းပါသည်။

ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာ လူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်းရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ အကုသုလ်ကံကြောင့်ဆိုတဲ့အချက်ကိုပါပဲ။ အက်ယ္ခဲ့်ျပီး ထပ္ဆင့္သိသင့္တာက -
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း၊ ကုသုလ်ရှိခြင်း ကြောင့် ချမ်းသာတယ်လို့ ယူဆရင်
ဗုဒ္ဓ၀ါဒ။

ဖွတ်တက်လို့ ၊ ဠင်းတနားလို့ ဆင်းရဲတယ်၊ ခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။အလုပ်မလုပ်လို့၊ နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်လို့၊
အကုသုလ်ရှိလို့ဆင်းရဲတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာနှင်းဆီပွင့်စိုက်ထားလို့ ၊ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကပ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင်ဗြဟ္မဏ၀ါဒ။ ၀ိရီယ၊ ဥာဏ်ယှဉ်၊ စေတနာ၊ မေတ္တာထားပြီး ရောင်းလို့ဈေးရောင်းကောင်းတယ် ယူဆမှ ဗုဒ္ဓ၀ါဒ။

ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်က ကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။

စနေ၊ တနင်္ဂနွေအစရှိသော ဂြိုဟ်တွေဟာ ကောင်းကျိုးပေးတယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်ယူဆမှ ဗုဒ္ဓါဒ။ ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု မသင့်မှုကြောင့်ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်ကကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓါဒ။
စုံဂဏန်း၊ မဂဏန်း၊ (၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏ၀ါဒ။ ကုသိုလ်၊ အကုသိုလ်က
ကောင်းကျိုး၊ဆိုးကျိုးပးတယ်လို့ယူဆမှ ဗုဒ္ဓ၀ါဒ။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင် ရွာပြင်မှာ
ဆုံးတဲ့ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုင်တယ်၊ ရွာခိုက်တယ်လို့ယူဆရင် ဗြဟ္မဏ၀ါဒ။ ထိုအကြောင်းများကြောင့် မြို့၊
ရွာကိုမခိုင် အကုသိုလ်ကြောင့်သာ မြို့၊ ရွာကို ခိုက်တယ်လို့ ယူဆမှဗုဒ္ဓ၀ါဒ။

အလောင်းကိုင်တာချင်းတူပါလျက် သဘရာဇာကို အဝေးမှရှောင်ပြီး၊ဆရာဝန်ဖြစ်မည့်သူကို သားမက်ဖမ်းခြင်းသည် ဗြဟ္မဏ၀ါဒ။ အယူအဆွဲ မရှိဘဲနှစ်ဦးလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်၊ ဆင်းစီးမြင်းရံဘုရားကို
ကိုးကွယ်လျှင် စီးပွားတတ်သည်၊ ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်) ဘုရားကို
ကိုးကွယ်လျှင် ရာထူးတတ်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏ၀ါဒ။

ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့်ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသော ထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှာထွက်သည်ဟုယူဆလျှင် ဗြဟ္မဏ၀ါဒ။ စုတိနောက်ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားဘဲ နောက်ဘ၀သစ်၌ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။
မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏ၀ါဒ။ အလှူခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓ၀ါဒ။
ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ အဆင်သည့်အချိန်တွင်ပြောင်းကောင်းသည်ဟု ယူဆလျှင် ဗုဒ္ဓ၀ါဒ။

လက္ခဏာတွင် အာယုလမ်းကြောင်းရှည်သောကြောင့် အသက်ရှသည်သည်၊အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏ၀ါဒ။ သူ့အသက်ကို မသက်ခြင်း၊ သူတစ်ပါးအသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်ကြောင့် အသက်ရှည်သည်၊သူတစ်ပါးအသက်ကိုသတ်ဖြတ်ခဲ့သောအကုသိုလ်ကြောင့် အသက်တိုသည် ဟု ယူဆလျှင်
ဗုဒ္ဓ၀ါဒ။ အာယုလမ်းကြောင်းသည် သင်္ကေတနိမတ်သာ ဖြစ်သည်။

ဤကား လူငယ်တစ်ယောက် ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့အတွက် အခြေခံလိုအပ်သော အချက်တည်း။


                                                           

အရှင် ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ )

ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင်

မေး။    ။ ဘာသာတရားတစ်ခုကို ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။
ဖြေ။    ။ ဝေဖန်ဆန်းစစ်မှုပညာ လိုအပ်တယ်။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာအားလုံးရဲ့ သိသိ သာသာ ကွဲပြားခြားနားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါဘာလဲဆိုတော့တခြားဘာသာတွေက ယုံကြည်မှု(သဒ္ဓါ)တစ်ခုနဲ့ပဲတည်ဆောက်ထားတယ်၊ ဗုဒ္ဓဘာသာကတော့
ယုံကြည်မှု(သဒ္ဓါ)၊ ဝေဖန်ဆန်းစစ်မှု(ပညာ)နှစ်ခုလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့အချက်ပါပဲ။

အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကလျာဏမိတ္တသုတ်မှာ ကိုးကွယ်ဆည်းကပ်ရမယ့် ဆရာကောင်းရဲ့အင်္ဂါ(၇)ချက် ဟောထားပါတယ်။ အဲဒါတွေကတော့ -



   ၁။ ရိုသေထိုက်သောဂုဏ်
   ၂။ ချစ်ခင်ထိုက်သောဂုဏ်
   ၃။ ချီးမွမ်း ထိုက်သောဂုဏ်
   ၄။ တပည့်လွဲမှားနေလျှင် ဆုံးမရဲသည့်ဂုဏ်
   ၅။ တပည့်ကမေးလာလျှင် ကျေနပ်အောင် ဖြေဆိုနိုင်သည့်ဂုဏ်
   ၆။ နက်နဲသည့်တ၇ားကို ဟောကြားနိုင်သောဂုဏ်
   ၇။ အကျိုးများရာကို ညွှန်ပြနိုင်သည့်ဂုဏ် တို့ပါပဲ။

ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်တဲ့ဂုဏ်ဆိုတာ
ဒါန= ပေးကမ်းစွန့်ကြဲခြင်း၊ လောဘနည်းခြင်း၊
ပေယျဝဇ္ဖ = ချစ်ခင်ဖွယ်ရာ စကားကိုပြောခြင်း၊ ဒေါသနည်းခြင်း
အတ္တစရိယ= တပည့်တို့၏ ကောင်းကျိုးကို ကျင့်ခြင်း (ပရဟိတ စိတ်ဓါတ်ရှိခြင်း)၊
သမာနတ္တတာ = တပည့်နှင့် တန်းတူရည်တူ ဆက်ဆံခြင်း (မာနကင်းခြင်း) တို့ပါပဲ။
တရားစစ်တရားမှန်ရဲ့ ဂုဏ်အင်္ဂါတွေကိုလည်း အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကေသမတ္တိသုတ်
မှာ ဟောထားတာက -

၁။ အပြစ်ကင်းခြင်း(သတ်ဖြတ်မှု၊ ညှင်းဆဲမှုမပါခြင်း)၊
၂။ ကောင်းကျိုးကို လက်တွေ့ပေးစွမ်းနိုင်ခြင်း၊
၃။ ပညာရှိသူတော်ကောင်းများက မကဲ့ရဲ့ခြင်း။
၎။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာဆိုးများကို ပယ်သတ်ပေးနိုင်ခြင်း စသည့်တို့ပါပဲ။ အကျယ် သိချင်ရင်တော့ ဆရာတော်ရေးတဲ့ဆရာကောင်းကိုရှာဖွေခြင်း စာအုပ်နဲ့ အရှုံးမရှိသော ဒဿန စာအုပ်တို့မှာ ဖတ်ရှု့ နိုင်ပါတယ်။ 
                                                          

အရှင် ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ )

သက်သက်လွတ်စားခြင်းသည် မြတ်သလား?

အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့  ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။             ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန်းတော်မူခဲ့၏။
            ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊ တကယ်အန္တရာယ်ပြုသည်က သူတို့ကြောက်သော သားငါးမဟုတ်၊ ရသာ တဏှာ လောဘ စသည်တို့ကသာ အန္တရာယ်ပြုတတ်၏။ ထိုအန္တရာယ်ပြုတတ်သော လောဘ တဏှာ စသည်မှာ သားငါးတို့ကိုသာ စွဲ၍ဖြစ်သည်မဟုတ်၊ သူတို့က နိရာမဂန္ဓ (အညှီအဟောက်မဟုတ်)ဟု ဆိုလျက်သုံးဆောင်နေသော သစ်သီး သစ်ဥ သစ်ဖုစသည်တို့ကိုလည်း အစွဲပြုဖြစ်သည်သာ၊ ပေါရိသာဒ လူသားစွဲသလို၊ သုဇာတသူကြွယ်၏သားကလေး ရသေ့တွေပေးသော သပြေသီးစားရပြီး ရသေ့တွေပြန်သွား၍ မရသောအခါ သေသွားရသည်အထိ မက်မောစွဲလမ်းမှုဖြစ်ရ၏။ (ဇာတက-ဋ္ဌ-၅-၅၃၁)
            ဤသို့ဆိုလျှင် တဏှာဆိုသည်မှာ သားငါးစသည်တို့ကို အစွဲပြု၍သာ လွန်ကဲစွာဖြစ်သည်မဟုတ်၊ သစ်သီး သစ်ရွက် သစ်ဥစသော သက်သက်လွတ်ပစ္စည်းတို့ကို အစွဲပြု၍လည်း အလွန်အကဲ ဖြစ်ရသည်သာ။
            ထို့ကြောင့် တကယ်ရှောင်ရမှာက သားငါးလော၊ သစ်သီး သစ်ရွက်စသည်လော၊ ရသာတဏှာစသည်လော ဤအချက်ကို လေးနက်စွာ စဉ်းစားသင့်ပါ၏။
            ဗုဒ္ဓ၀ါဒမှာ သားငါးရှောက်ကြဉ်ဖို့မဟုတ်၊ ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ကိုရှောင်ဖို့ ဖျက်ဖို့သာဖြစ်၏၊ သားငါးဟင်းကို ရှောင်ဖို့မဟုတ်၊ တိကောဋိပရိသုဒ္ဓ (အစွန်းသုံးပါး လွတ်ကင်းစင်ကြယ်မှု) ဖြစ်လျှင် အန၀ဇ္ဇ (အပြစ်မရှိ) ဖြစ်သည်ဟူသော ဘုရားအလိုတော် အရလည်းကောင်း၊ ရှုမှတ်ပွားများခြင်းဖြင့် ဆန္ဒရာဂဖျက်ဖို့ လိုလားသော ဘုရားအလိုတော်အရလည်း ကောင်း စားသင့်သော အာဟာရသာ ဖြစ်ပေသည်။
            ဤနေရာ၌ ဗုဒ္ဓ၀ါဒကိုအတန်ငယ် ပြဆိုသင့်ပါ၏။ တိုင်းတစ်ပါးသွားမည့် ရဟန်းတော်တို့ကိုနည်းပေးတော်မူသော အရှင်သာရိပုတြာက ပစ္ဆာဘူမက သွားမည့်ရဟန်းတော်တို့အား တိုင်းတစ်ပါးရောက်သောအခါ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတို့က "ကိံဝါဒီပနာယသ္မန္တာနံ သတ္ထာ ကိမက္ခာယီ= အရှင်ဘုရားတို့၏ ဆရာဘုရားသည် ဘယ်သို့သောဝါဒ ရှိပါသနည်း" (သံ-၂-၆) ဟု မေးလျှင် "ဆန္ဒရာဂ၀ိနယက္ခာ ခေါ နော အာဝုသော သတ္ထာ = ငါ့အရှင်တို့ စင်စစ်ငါတို့ ဆရာဘုရားသည် ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ပယ်ရှားခြင်းကို ဟောတော်မူသည်ဟု ဖြေဖို့ နည်းပေးတော်မူခဲ့၏။
            တစ်ခါ ဆန္ဒရာဂပယ်ရသည်ဆိုလျှင် "ဘယ်မှာဖြစ်သည့် ဆန္ဒရာဂကို ပယ်ရမည်နည်း"ဟုမေးလိမ့်ဦးမည်၊ ထိုအခါ "ရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောတော်မူကြောင်း" ဖြေဖို့ နည်းပေးခဲ့ပြန်သည်။
            ရုပ်၌ဖြစ်သော ဆန္ဒရာဂပယ်ရမည်ဆိုတော့ ကဗဠီကာရအာဟာရရုပ်၌ဖြစ်သော ဆန္ဒရာဂကိုလည်း ပယ်ရမည်သာ၊ 
" ကဗဠီကာရေ ဘိက္ခဝေ အာဟာရေပဋိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ = ကဗဠီကာရ အာဟာရကို ပိုင်းခြားသိအပ်တော့သည်။" (သံ-၁-၃၂၃) အရ သား၊ ငါး၊ အာဟာရ ကဗဠီကာရ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ။
            သစ်သီး သစ်ရွက် သစ်ဥစသည် ကဗဠီကာရ အာဟာရသြဇာ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ၊ သို့ဖြစ်လျှင် ရှုမှတ်ခြင်းဖြင့် သားငါး၌ ပရိညာတရား ဖော်နိုင်မှ အစာစားတတ်သူဖြစ်၍ အမြတ်ရသလို သစ်သီးစသော အာဟာရတို့၌ လည်း ထိုသို့ပင် ရှုမှတ်ပွားများ ပရိညာတရားပေါ်အောင် ပြုလုပ်တတ်က စားတတ်သူ အမြတ်ရသူဖြစ်၍ ပရိညာမတင်၊ အဆင်ခြင်မရှိ စားရုံမျှ မထင်၊ ဘယ်အမြင်မျှမတက် သက်သက်စားရရုံမျှ စားရသူတစ်ယောက်ပါပေတည်း။
အမှန်တရား လွန်ထွန်းကား အများချမ်းသာစေ။
အမှားကိုကား လူအများ ပယ်ရှားနိုင်ပါစေ။
ရွှေတောင်ကုန်းဆရာတော်ကြီး မေးလျှောက်၍ သပြေကန်ဆရာတော်ကြီး ဖြေဆိုသည်။

နိဗ္ဗာန်အကြောင်း

                                                           
စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော်မည်သူမျှမရောက်ဖူးကြသေးလို့ပါ။ ရောက်ဖူးသူကလည်း ပြန်လည်၍ပြောပြရိုးထုံစံမရှိသောကြောင့်ပင် ဖြစ်ပေသည်။ ပြောပြမည့်လူရော နားထောင်ဖတ်ရှု့မည့်လူရော ပန်းတိုင်ကို မရောက်ဖူးလို့သာ ယခုလို ဘ၀ဇာတ်ခုံပေါ်မှာ ကျင်လည်နေကြရတာပါ။ တကယ်လို့များ ပန်းတိုင်ကိုရောက်မယ်ဆိုလျှင် မည်သူမျှလည်း မေးမည်မဟုတ်၍ မည်သူမျှလည်း နားထောင်ဖတ်ရှု့ရန် မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် ပန်းတိုင်ကိုရောက်နေသောကြောင့်ပါတည်း။

အဲဒီလို မိမိတို့တစ်ခါမှမရောက်ဖူးသည့်နေရာအကြောင်းကို ပြောပြရမယ်ဆိုလျှင် ပြောပြသူရော နားထောင်ဖတ်ရှု့သူရော ပြည့်စုံလုံလောက်စွာ သိရှိနားလည်ရန် ခက်ခဲပါသည်။ ဥပမာ-အမေရိကန်နိုင်ငံကို မရောက်ဖူးသူအချင်းချင်း အမေရိကန်နိုင်ငံအကြောင်းကို ဘယ်လိုရှိတယ်၊ ဘယ်လိုမြင်ရတယ်။ အဲဒီမှာဘယ်လိုနေရတယ်။ ဘယ်လိုစိတ်ချမ်းမှုတွေခံစားရတယ်ဆိုတာ နှစ်ယောက်လုံး ကိုယ်တိုင်မခံစားဖူးသောကြောင့် တိကျခိုင်မာသည့် အဖြေကိုရဖို့ ခဲယဉ်းပေလိမ့်မည်။

သို့သော် စာရေးသူအား မိမိတို့ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်အကြောင်းကို မေးလာသဖြင့် နိဗ္ဗာန်ကိုရောက်အောင်ကြိုးစားခဲ့သူများ၏ကိုယ်တိုင်အတွေ့အကြုံခံစားချက်များ၊ ရောက်အောင်မည်သို့မည်ပုံ
ပြုလုပ်ရမည့်ဆိုသည့် အချက်အလက်များကို တင်ပြပေးလိုက်ရပေသည်။ ကိုယ်တိုင်မရောက်ဖူးသူများဖြစ်၍ နားမလည်မှုများ မရှင်းလင်းမှုများရှိလျှင် ကိုယ်တိုင်ပဲရောက်အောင် ပြုလုပ်ကျင့်ကြံကြပါလို့ တိုက်တွန်းပါရစေ။ ဦးဇင်းကိုယ်တိုင်လည်း ရောက်အောင်တော့ ပါရမီဖြည့်နေလျက်ပါ။

စာရေးသူအား မေးထားတဲ့ မေးခွန်းလေးကတော့......



ကျနော်တစ်ခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မဲ့ အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သှုပရိနိဗ္ဗာန်ပြုခါနီးမှာ နိဗ္ဗာန်ကိုကြိုပြီး မြင်ရပါသလား။ ဘယ်လိုမြင်ရပါသလဲ။ ဘာကြောင့်နိဗ္ဗာန်လို့ပြောနိင်တာလဲ။ ဒီမေးခွန်းလေးများကို ကျေးဇူးပြုပြီး ဖြေကြားပေးတော်မူပါဘုရား။

ခုမေးထားတဲ့ မေးခွန်းများကို အစအဆုံးနားလည်အောင် ဘယ်လိုပြုလုပ်လျှင် ဘယ်လိုရမယ်၊ ဘယ်လိုမြင်မယ်၊ဘယ်လိုခံစားရတယ်ဆိုတာတွေ ပေါ်လွင်အောင်တရားသဘောလေးပါ ရေးသားတင်ပြပေးလိုက်ပါတယ်။ သေချာဖတ်ပြီး နားလည်အောင် အဖန်ဖန်သုံးသပ်ကြည့်လျှင်တော့ သိမြင်ရှင်းလင်းလာပါလိမ့်မယ်။

ပထမဦးဆုံး နိဗ္ဗာန်ကို သိမြင်ခံစားရောက်ရှိဖို့ရန်အတွက် ၀ိပဿနာအရင် မှတ်ရပါမယ်။ ၀ိပဿနာစရှု့တဲ့အခါ မိမိခန္ဓာကိုယ်မှာ ဝေဒနာထူးထူးခြားခြားပေါ်တဲ့သူဆိုရင် ဝေဒနာကိုရှု့ပါ။ စိတ်ထူးထူးခြားခြားပေါ်တဲ့သူဆိုရင် စိတ်ကိုရှု့ပါ။ မိမိခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်မှုကို သိမြင်တယ်ဆိုရင် ခန္ဓာကိုယ်ကို အာရုံပြုရှု့ပါ။ မိမိဉာဏ်မှာ တရားသဘောများကို နားလည်သဘောပေါက်တယ်ဆိုရင် တရားများကို ဆင်ခြင်စဉ်းစားရှု့မှတ်ပေးပါ။ အဲဒီလိုရှု့မှတ်ပွားများမှုများလာရင် သံသရာစက်ကို လည်စေတတ်တဲ့ ကိလေသာတွေ ပါးပါးသွားပါလိမ့်မယ်။ ကိုယ်ကြိုက်ရာကိုယ်ရှုလို့ ဝေဒနာဖြစ်ပျက်တွေဆုံး၊ စိတ်ဖြစ်ပျက်တွေဆုံး၊ ရုပ်ဖြစ်ပျက်တွေဆုံးသွားရင် မဂ္ဂင်ရှစ်ပါးပြည့်တဲ့ မဂ္ဂသစ္စာအစစ်ပေါ်လာပါမယ်။ တစ်မဂ်ပေါ်ရင် သောတာပန်၊ နောက်တစ်မဂ်ပေါ်ရင် သကဒါဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်တော့ အနာဂါမ်၊ နောက်တစ်မဂ်ထပ်ပေါ်လာပါက ရဟန္တာဖြစ်သွားပါတယ်။ အဲဒီလို နောက်ဆုံးမဂ်သိမြင်ဆိုက်ရောက်ပြီးဆိုလျှင် နောက်ခန္ဓာကြီး မလာနိုင်မဖြစ်နိုင်တော့ပါဘူး။

အဲဒီလိုခန္ဒာကိုယ်ဆက်မဖြစ်တော့တဲ့ ရဟန္တာပုဂ္ဂိုလ်တွေစုတိစိတ်ကျတော့ ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏဒုက္ခ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ ဥပါယာသတွေ မဖြစ်တော့ပါဘူး။ အဲဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံတာသည် ဒုက္ခသိမ်းသွားတာပဲလို့ မှတ်ရပါမယ်။ ပုထုဇဉ်တွေ သေကြတဲ့အခါကျတော့ ဒုက္ခဆက်ဖြစ်နေပါတယ်။ ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်နဲ့ ဒုက္ခဆက်တဲ့ပုဂ္ဂိုလ် ခြားနားသွားအောင် မဂ်က လုပ်ပေးလိုက်တာပါ။

ရဟန္တာပုဂ္ဂိုလ်သည် စုတိစိတ်ကျပြီးတဲ့နောက် နောင်ခန္ဓာ နောင်ဇာတိတွေမရတော့ဘဲ ဒုက္ခသိမ်းလို့ ဒုက္ခငြိမ်းသွားပါတယ်။ ပုထုဇဉ်များစုတိစိတ်ကျပြီးရင်တော့ ဒုက္ခ၀န်ထုပ်တစ်ခုကိုချပြီး ခန္ဓာဒုက္ခ၀န်ထုပ် တစ်ခါပြောင်းထမ်းရပါတယ်။ ဒုက္ခ၀န်ပြောင်းထမ်းတဲ့ သဘောလေးပဲ တစ်ဘ၀နှင့်တစ်ဘ၀ ကွာခြားသွားတာကိုပဲ ဘ၀ပြောင်းတဲ့လို့ ခေါ်ပါတယ်။ အသေဒုက္ခပြီး အနေဒုက္ခအသစ်ပြန်ယူလိုက်တဲ့ သဘောပါ။ ရဟန္တာများမှာ အသေဒုက္ခပြီးတာနဲ့ အနေဒုက္ခမရှိတော့ပါဘူး။ သူ့ဒုက္ခတွေ ဒီမှာတင် ထားပစ်ခဲ့ပြီး နောက်ဒုက္ခတွေ အကုန်သိမ်းသွားပါတယ်။ ကိလေသာတွေ ကင်းစင်အောင်လုပ်ထားတဲ့ ရဟန္တာပုဂ္ဂိုလ်သည် ဒုက္ခချုပ်ငြိမ်း ရုပ်သိမ်းတာကို နိဗ္ဗာန်လို့ခေါ်ပါတယ်။ အသေဒုက္ခတွေသိမ်းပြီး အနေဒုက္ခတွေ မလာတာမဖြစ်တော့တာဟာ နိဗ္ဗာန်ပါပဲ။

ရဟန္တာပုဂ္ဂိုလ်စုတိပြီးနောက် ဘယ်ကြွသွားလဲဆိုရင် သူ့ဒုက္ခတွေ သူ့မဂ်ဉာဏ်နဲ့ သူသိမ်းသွားပြီး ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်သွားပါတယ်။ ဒုက္ခသဘောမှ သုခသဘောသို့ သက်ရောက်သွားတာ၊ ဒုက္ခချုပ်၍ သုခပေါ်လာတာကို နိဗ္ဗာန်လို့ ခေါ်ဆိုရပါတယ်။ ပုထုဇဉ်ကတော့ ဒီဘ၀ အသေဒုက္ခပြီး အနေဒုက္ခနဲ့ ပြန်ဆက်ရတယ်။ ရဟန္တာပုဂ္ဂိုလ်က ဒုက္ခသိမ်းတဲ့ပုဂ္ဂိုလ်၊ ပုထုဇဉ်က ဒုက္ခဆက်တဲ့ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဦးဇင်းတို့သတ္တ၀ါများသည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရအောင်လုပ်နေကြခြင်းသည် ဒုက္ခသိမ်းချင်လို့၊ ဒုက္ခသိမ်းရာနိဗ္ဗာန်ကို ရချင် လိုချင်လို့ လုပ်နေကြတာ ဖြစ်ပါတယ်။

နိဗ္ဗာန်ဘယ်မှာရှိသလဲဆိုတာကို ရှင်းလင်းထင်မြင်အောင် ဥပမာလေးနဲ့ ပြောပြပါမယ်။ မီးလောင်းနေတဲ့အခါ လောင်းနေတဲ့မီးတွေငြိမ်းသွားလျှင် အဲဒီလောင်းနေတဲ့မီးတွေ ဘယ်ရောက်သွားလဲဆိုတာ တိကျမှန်ကန်စွာ မည်သူမျှမပြောနိုင်ပေ။ ထို့အတူ နိဗ္ဗာန်ဆိုတာ ဒုက္ခတွေငြိမ်းသွားတာကို ခေါ်ခြင်းကြောင့် မိမိသန္တာန်မှာ ဒုက္ခမရှိတော့တာကို နိဗ္ဗာန်ရောက်သွားတယ်လို့ ပြောရပါမယ်။ တကယ်တော့ နိဗ္ဗာန်ဆိုတာ နေရာဌာနနဲ့တည်ရှိနေတာ မဟုတ်ပါဘူး။ အဲဒါကြောင့် နိဗ္ဗာန်ရဲ့တည်ရာဌာနကို ပြောပါညွှန်ပြပါဆိုရင်တော့ မိမိခန္ဓာကိုယ်သန္တာန်မှာရှိတဲ့ ဒုက္ခတွေဟာ မီးပုံကြီးကဲ့သို့ဖြစ်နေပြီး အဲဒီမီးတွေငြိမ်းသွားသောအခါ ဘယ်မှာရောက်သွားသလဲလို့ သေချာမပြောနိုင်ပဲ မီးငြိမ်းရာကိုသာ ပြောပြနိုင်သလို မိမိခန္ဓာကိုယ်ထဲမှာရှိသော ဒုက္ခဆင်းရဲတွေ ဘယ်မှာပျောက်သွားလဲဟု မပြောပြနိုင်သော်လည်း မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ ချမ်းသာမှုကိုပဲ နိဗ္ဗာန်ရဲ့နေရာဌာနဟု ညွှန်ပြပြောဆိုရပါမယ်။

တဖန် နိဗ္ဗာန်ချမ်းသာနဲ့ပတ်သတ်ပြီး ဘယ်လိုဒုက္ခငြိမ်းခြင်းတွေ ခံစားရသလဲဆိုတာကိုလည်း ဦးဇင်း ဥပမာလေးနဲ့ ပြောပြပေးပါမယ်။ ကင်ဆာရောဂါကဲ့သို့ ဆင်းရဲခြင်းဒုက္ခများစွာ ခံစားနေရသော လူနာတစ်ယောက်သည် သူ့ဒုက္ခများကို မခံစားနိုင်တဲ့အခါ ဆရာဝန်ဖြစ်သူက သူ့အား ချမ်းသာမှုလေးအနည်းငယ်တော့ ရပါစေဆိုပြီး အိပ်ဆေးထိုးပေးလိုက်ပါတယ်။ အဲဒီလူနာဟာ အိပ်ဆေးထိုးပေးလိုက်တဲ့အချိန်ကစပြီး တစ်ညလုံးသူ့မှာ နာကျင်မှုစတဲ့ဆင်းရဲတွေ ငြိမ်းချမ်းနေပါတယ်။ သို့သော်လည်း အိပ်ဆေးအရှိန်ကုန်လာတဲ့အခါ လူနာနိုးလာပါတယ်။ သူအိပ်ဆေးကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ ဆင်းရဲတော့ ငြိမ်းနေပါတယ်။ သို့သော် သူဘာခံစားရလဲဆိုတော့ ဘာမှလည်း မခံစားရပါဘူး။ ကောင်းတာမခံစားရသော်လည်း ဆင်းရဲဒုက္ခတွေကတော့ ငြိမ်းချမ်းနေပါတယ်။

ဒါပေမဲ့ သူနိုးလာတဲ့အချိန်မှာတော့ အနာရောဂါရဲ့ နာကျင်မှုဒုက္ခတွေ ခံစားရပြန်ပါတယ်။ ဒါ့ကြောင့် ကိလေသာများကုန်အောင် လုပ်ထားတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဘယ်လိုငြိမ်းချမ်းမှုချမ်းသာကို ခံစားရသလဲဆိုရင် လူနာအိပ်ဆေးထိုးထားတဲ့အချိန်၌ ခံစားမှုမရှိဘဲ ဆင်းရဲဒုက္ခတွေငြိမ်းနေတဲ့ ချမ်းသာမှုမျိုးကို နိဗ္ဗာန်ချမ်းသာလို့ ဥပမာတင်စားပြောရပါမယ်။ ဒါက အားလုံးနားလည်အောင် ဥပမာနှိုင်းယှဉ်ပြီး ရေးလိုက်ရတာပါ။ နိဗ္ဗာန်ချမ်းသာဟာ ဒီထက်မက သာလွန်မှာတော့ အမှန်ပါပဲ။ ဒီလောက်ဆို မေးထားတဲ့ မေးခွန်းများထဲက နိဗ္ဗာန်ကို ကြိုတင်မြင်နိုင်သလား၊ ဘယ်လိုမြင်ရတာလဲဆိုတာ နားလည်လောက်မည် ထင်ပါတယ်။

ယခုရေးသားရသော အကြောင်းအရာများသည် စာရေးသူကိုယ်တိုင် မတွေ့မမြင်မရောက်မခံစားဖူးသေးသော အကြောင်းအရာကို ရေးသားတင်ပြရခြင်းကြောင့် မှန်ကန်တိကျသော အဖြေဟုမဆိုနိုင်သလို စာဖတ်သူများလည်း ကိုယ်တိုင်မတွေ့၊ မမြင်၊ မရောက်ဖူးသေးသောအကြောင်းအရာကို ဖတ်ရခြင်းကြောင့် မှန်ကန်တိကျသော အဖြေကို ရချင်မှရပါလိမ့်မည်။ သို့သော် စာရေးသူသည် ဤခက်ခဲသော အကြောင်းအရာကိုစာဖတ်သူများအပေါ် မေတ္တာစေတနာအားကြီးလွန်၍သာ ရောက်အောင်ကြိုးစားခဲ့သူများ
ဟောပြောရေးသားခဲ့သော အကြောင်းအရာများကိုအခြေခံပြီး အနီးစပ်ဆုံးမှန်ကန်အောင် ရေးသားတင်ပြပေးလိုက်ခြင် ဖြစ်ပါသည်။

သတ္တ၀ါတိုင်းဟာ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ချုပ်ငြိမ်းရာကိုတော့ လိုချင်ကြပါလိမ့်မည်။ အဲဒီလို လိုချင်လျှင်တော့ ဆင်းရဲဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုမလုပ်ဘူးဆိုရင်တော့ ဆင်းရဲဒုက္ခတွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ သံသရာစက်ဝိုင်းကြီးထဲမှာ ကျင်လည်ကျရဦးမှာပါ။ ဒါ့ကြောင့် အားလုံး ဒုက္ခတွေထပ်မဖြစ်အောင် ကိုယ့်ဒုက္ခသူများဒုက္ခရောက်မည့်အရာများမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါပေသည်။
             
                မှ
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

Tuesday, 30 August 2011

ကြာနီကန် ဆရာတော်တရားများ

၁။မကုန်ဆုံးသောမေတ္တာ ဆိုတဲ့တရားတော်...MP3 Download

၂။မေမေနှင်ထုတ်တေးတစ်ပုဒ် ဆိုတဲ့တရားတော်... MP3 Download

၃။ပျော်ချင်သူုလူအများလိုက်ကြမလား ဆိုတဲ့တရားတော်... MP3 Download

၎။သူများမကောင်းကြံကိုယ့်ဘေးဒဏ်ထိ ဆိုတဲ့တရားတော်... MP3 Download

၅။ငိုပြီးမှရီကြပါစို့ ဆိုတဲ့တရားတော်... MP3 Download

၆။ကိုယ်ချင်းစာတတ်ပါစေ ဆိုတဲ့တရားတော်... MP3 Download

၇။ဒါနကုသိုလ် ဆိုတဲ့တရားတော်... MP3 Download

၈။ဝိပတ်ကြမ္မာမပြေးသာ ဆိုတဲ့တရားတော်... MP3 Download

၉။ကျောက်ခဲလေးရဲ့ဘ၀ဆုံးရှာပြီ ဆိုတဲ့တရားတော်...MP3 Download

၁၀။မုန်းစိတ်မရည်ရွယ် ဆိုတဲ့တရားတော်... MP3 Download
                                                                                         


                                       ကိုညီနေမင်းဆိုဒ်မှပြန်လည်ဒါနပြုသည်။

Sunday, 28 August 2011

အခက်အခဲဟာ တိုးတက်ဖို့ရာ အကြောင်း

Life is a series of test,

ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။
နေ့တိုင်း စာမေးပွဲ အစစ်ခံနေရတာနော်။ ဒါကြောင့် ဘဝဆိုတဲ့ကျောင်းဆိုတဲ့ တရားလေးကို ဘုန်းကြီး ဟောခဲ့တာ။ ဘဝဆိုတာ ကျောင်းပါ။ နေ့တိုင်း သင်ခန်းစာတွေ ရနေတယ်။ နေ့တိုင်း စာမေးပွဲတွေ စစ်နေတယ်။
but if you pass your test, you look back upon them as good experiences.
စာမေးပွဲ အောင်သွားလို့ရှိရင်တော့ အဲဒီအခက်အခဲတွေကို အဲဒီအတွေ့အကြုံတွေကို အင်မတန် ကောင်းတယ်၊ အင်မတန် အကျိုးများတယ်လို့ ပြန်မြင်၇တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ အခက်အခဲ တစ်ခုခုကို တကယ် အကောင်းဆုံးနည်းနဲ့ ဖြေရှင်းလိုက်လို့ အခက်အခဲ ပြေလည်သွားတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ပိုပြီးတော့ လူကြီးဆန်တဲ့ စိတ်ဓာတ်မျိုးကို ခံစားရတယ်နော်။ ပိုပြီးတော့ ရင့်ကျက်သွားတဲ့ ခံစားမှုမျိုးကို ရတယ်။ ပိုပြီးတော့ မြင့်မြတ်သွားတဲ့ ခံစားမျိုးကို ရတယ်။
Concealed in every new situation we face there is spiritual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။ အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ် ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခု ပါပဲ။
blessing ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မင်္ဂလာလို့ အဓိပ္ပာယ်ကောက်တယ်။ ဒါဖြင့် မင်္ဂလာဆိုတဲ့ အဓိပ္ပာယ် ကကော ဘာလဲလို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ မင်္ဂလာဆိုတဲ့ အဓိပ္ပာယ်က ရိုးရိုးပြောရရင်တော့ အောင်မြင်ဖို့ ကြီးပွားဖို့ ပြည့်စုံဖို့ တိုးတက်ဖို့ရာ အကြောင်းတဲ့။
အဲဒီတော့ အခက်အခဲတစ်ခုကို ရင်ဆိုင်လိုက်တိုင်း ရင်ဆိုင်လိုက်တိုင်း၊ အတွေ့အကြုံတစ်ခုထဲက မြင့်မြတ်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တိုင်း ရလိုက်တိုင်း ကိုယ့်အတွက် အဲဒါ တိုးတက်ဖို့၊ ကြီးပွားဖို့၊ ပြည့်စုံဖို့၊ အောင်မြင်ဖို့ရာအတွက် အကြောင်းတစ်ခု တိုးတက်လာပြီ။ ကိုယ်ဟာ ပိုပြီးတော့ အောင်မြင်တဲ့သူ ဖြစ်ပြီ။
It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ အင်မတန်ကောင်းပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ ဒကာမကြီးတစ်ယောက်က လာပြောတယ်။ (သူ့ဘဝမှာ ဒုက္ခတွေ တော်တော် များတယ် ထင်ပါတယ်။) 'အရှင်ဘုရား ဘဝဆိုတာ အစမ်းခံရတာများ ဖြစ်နေရော့လား' တဲ့။ မှန်ပါတယ်။ အစမ်းခံနေရတာပါပဲ။
It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့လူ ဖြစ်လာတယ်။ ကြီးပွား တဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော၊ စိတ်ဓာတ်ကော ကြီးပွားလာတယ်။
I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံးကောင်းပါတယ်လို့ပဲ မြင်လာမယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီးကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့ အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။ အင်မတန် ကောင်းပါတယ်။
                                                                                              ဆရာတော် ဦးဇောတိက

ဒေါသဖြစ်ရင် အဆိပ်သင့်သလို

(ဒေါသကိုနားလည်ပါ စာအုပ်မှ)
ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့် တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍ သိ၏" တဲ့။ ဒေါသစိတ်ကိုလို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။ ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေး နည်းနည်းလေး ပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလား ဆိုတာ ကောင်းကောင်း သိတယ်။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ်။ အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ်။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ်။ ဒေါသနဲ့ ငါနဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ၊ အင်မတန် လွယ်သွားတယ်။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ်။
ဘယ်လို ကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ ပြေသွားတယ်။
ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော်၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ။ အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ၊ သေသေချာချာကြည့်ပါ။ ခန္ဓာကိုယ် ပူလာတယ်။ ချွေးတွေ ပြန်လာတယ်။ အသက်ရှူ မြန်လာတယ်။ နှလုံးခုန် မြန်လာတယ်။ အဲဒီအချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ်။ အစီစဉ်မရှိတော့ဘူး။ တကယ်လုပ်သင့်တာ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ်။ မပြောသင့်တာတွေ ပြောမိတယ်။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ်။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ်။ ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ်။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ်။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ်၊ ဒါကြောင့် ဒေါသကြီးလွန်း တဲ့အခါ ဘာမှမမြင်တော့ဘူး။ မှောင်သွားတယ် လို့ တချို့ပြောကြတယ်။ အကြောက်လွန်တာလည်းတူတူပါဘဲ။
ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ ဒါကြောင့် နားကြား လွဲတတ်တယ်။ ဒေါသ ဖြစ်နေတဲ့အခါ စားချင်သောက်ချင်စိတ်မရှိဘူး၊ စားရင်လည်းစားလို့မကောင်းဘူး။ အရသာကို ကောင်းကောင်းမသိဘူး။ အနံ့ကိုလည်း ကောင်းကောင်းမသိဘူး။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး။ ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ်။ ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး၊ အိပ်ရေး ပျက်တယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေကိုပါဒေါသနဲ့ ပြောမိတတ်တယ်။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ်။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။
"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ်။ ပြောသင့်တယ်၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး။လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး၊ အကျိုးရှိတယ်၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး။ discipline မရှိတော့ဘူး။ စည်းကမ်းမရှိတော့ဘူး။ ဒေါသက ကိုယ့်ကို စနစ်မရှိတဲ့ သူ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ်။
ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ်။ ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေဘဲ။ ကြောက်တာ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ။ အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ်။
                                                              ဆရာတော် ဦးဇောတိက

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management